News

The world gold price reached the highest level in two months, and the domestic gold price jumped

အမေရိကန်ပြည်ထောင်စုရဲ့ စက်ရုံလုပ်ငန်းနဲ့ စားသုံးသူရေးရာ ညွှန်းကိန်းတွေ အခြေအနေ မကောင်း ဖြစ်နေပြီး ဘဏ်တိုးနှုန်း လျှော့ချမှုကို ဒီနှစ်နှောင်းပိုင်းမှာ လုပ်လာမယ်လို့ ကုန်သည်တွေက ယူဆလာတဲ့အတွက် မနေ့က ကမ္ဘာ့ရွှေဈေးဟာ နှစ်လတာ အမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။

မနေ့က သောကြာနေ့ နောက်ဆုံးဈေးဖွင့်ရက်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၈၂.၅၅ ဒေါ်လာဈေးနဲ့ ပိတ်ခဲ့ပြီး အမေရိကန် ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၉၃ ဒေါ်လာကျော်အထိ ရောက်ရှိလာခဲ့ပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အမေရိကန်ရဲ့စက်ရုံအလုပ်ရုံ ညွှန်းကိန်းဟာ အဝယ်အော်ဒါနဲ့ အလုပ်ရရှိမှု လျော့ကျသွားတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အလျင်အမြန် လျော့ကျခဲ့ပြီး စားသုံးသူညွှန်းကိန်းကလည်း သုံးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားတဲ့အတွက် နိုင်ငံစီးပွားရေးနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတွေ ပိုဖြစ်လာပါတယ်

ဒါကြောင့် အမေရိကန်ဗဟိုဘဏ်အနေနဲ့ နိုင်ငံစီးပွားရေးကို ပြန်နှိုးဆွပေးနိုင်ဖို့ ဘဏ်အတိုးနှုန်းတွေကို ပြန်လည် လျှော့ချရတော့မှာ ဖြစ်ပြီး ဒီအချက်က ဒေါ်လာငွေကို အားပျော့စေမယ်၊ တဖက်မှာ ရွှေကို အားကောင်းစေမယ် လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားပါတယ်။

လေ့လာသုံးသပ်သူတွေကလည်း ရွှေဈေးဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတည်းက အရှိန်အဟုန်နဲ့ တက်လာပြီး တရုတ်အပါအဝင် အာရှနိုင်ငံတွေက ရွှေကို ဝယ်လိုအား ကောင်းနေကြောင်း၊ ဗဟိုဘဏ်တွေကလည်း ရွှေကို ဆက်တိုက် ဝယ်ယူသိုလှောင်နေကြလို့ ရွှေဈေးက ဒေါ်လာ ၂၀၀၀ အခံဈေးတန်းအောက် ပြန်မကျဘဲ ဖြစ်နေကြောင်း ပြောဆိုပါတယ်။

မနေ့က ကမ္ဘာ့ရွှေဈေးနှုန်း ခုန်အတက်မှာ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ၃၉ သိန်း ၄ သောင်းဝန်းကျင်နဲ့ ဈေး စဖွင့်ခဲ့ရာကနေ ဒီနေ့လယ်နောက်ပိုင်းမှာ ၃၉ သိန်း ၆ သောင်းခွဲအထိ အလျင်အမြန် မြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းရွှေဈေးဟာ အတက်အကျ ကြမ်းခဲ့ပြီး လဆန်းပိုင်းမှာ ၃၈ သိန်းကျပ်ကျော်၊ လလယ်ပိုင်းမှာ ၃၉ သိန်းခွဲနဲ့ လကုန်ပိုင်းမှာ ၃၉ သိန်းအောက်အထိ ကျဆင်းခဲ့တာ တွေ့ရပြီး အခုမတ်လဆန်း အရောက်မှာ ကျပ် ၃၉ သိန်းခွဲအထက် ပြန်တက်လာတာ ဖြစ်ပါတယ်။ Ref: Bloomberg စာရေးသူ – ငွေကြယ်