စံချိန်တင် မြင့်လာတဲ့ ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် သိန်း ၄၀ ကျော် အထိ ရောက်လာပေမဲ့ ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။
ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၁၅၀ ဒေါ်လာကျော်နဲ့ သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်အထိ ရောက်ရှိလာပြီး ပြည်တွင်းအခေါက်ရွှေဈေးကလည်း ကျပ် သိန်း ၄၀ ကျော်နဲ့ စံချိန်သစ် တင်လာပါတယ်။
ရွှေဈေးတွေ အခုလို စံချိန်တင် မြင့်မားလာချိန်မှာ ဆိုင်ကြီးတွေပဲ အဝယ်၊ အရောင်း ရှိပေမဲ့ အများအားဖြင့်တော့ အရောင်းအဝယ်တွေ အေးနေပြီး အဝယ်ထက် အရောင်းက ပိုများနေတယ်လို့ ရွှေဆိုင်တွေက ဆိုပါတယ်။
ဒါ့အပြင် ရွှေဈေး တရကြမ်း မြင့်တက်လာချိန်မှာ ဈေးကွက် မငြိမ်ဘဲ ဖြစ်နေလို့ ရန်ကုန်က ရွှေဆိုင်အများစုမှာ ရွှေတုံးရွှေခဲတွေ မရောင်းပေးတော့ဘဲ ပြန်ဝယ်ရင်လည်း အပြင်ပေါက်ဈေးနဲ့ ခွာပြီး ပြန်ဝယ်နေတယ်လို့ သိရပါတယ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းအခေါက်ရွှေဈေးဟာ လဆန်းပိုင်းမှာ ကျပ် ၃၈ သိန်းနားအထိ ကျခဲ့ရာက လလယ်ပိုင်းမှာ ၃၉ သိန်းအပေါ်ထိ တက်လာပြီး လကုန်ပိုင်းမှာ ၃၉ သိန်းအောက် ပြန်ကျခဲ့ပါတယ်။
ဒါပေမဲ့ အခု မတ်လဆန်းမှာတော့ ရွှေဈေးက ဆက်တိုက်ဆိုသလို မြင့်တက်လာပြီး ကျပ် သိန်း ၄၀ ကျော်အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်ရွှေလုပ်ငန်းရှင်မျာအသင်းက ထုတ်ပြန်တဲ့ ရွှေဈေးကလည်း ကျပ် ၃၈ သိန်းနားအထိ ရောက်လာတဲ့အတွက် ပြင်ပရွှေဈေးနဲ့ ကျပ် ၂ သိန်းကျော်သာ ကွာဟတော့တာ တွေ့ရပါတယ်။
ရွှေဈေး အတက်ကြမ်းနေချိန်မှာပဲ ဗဟိုဘဏ်ဥက္ကဋ္ဌက တနေ့က နေပြည်တော်မှာ ပြည်ထဲရေး၊ စီးပွားကူးသန်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူတွေကို အရေးယူဖို့ ပြောခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ပြည်တွင်းရွှေဈေးတွေ စံချိန်တင် မြင့်နေချိန်မှာ ပြင်ပငွေကြေးဈေးကွက်က အမေရိကန်ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို ၃၆၀၀ ကျော် ရှိနေပြီး အရင်လတွေထက် ဈေးမြင့်လာတယ်လို့ သိရပါတယ်