News

The Yangon Gold Industry Association raised the price of gold to 4,871,000 kyats

အရင်ရက်တွေက ရွှေဈေးကို ကျပ် ၄၁ သိန်းကျော်သာ သတ်မှတ်ဖော်ပြခဲ့တဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း YGEA ဟာ ဒီနေ့ ဇွန်လ ၄ ရက်နေ့မှာတော့

အသင်းရဲ့ ရွှေဈေးကို ကျပ် ၄၈၇၁,၀၀၀ အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပြီး ရွှေဆိုင်တွေ၊ ရွှေလုပ်ငန်းတွေအားလုံး YGEA သတ်မှတ်ဈေးနဲ့ပဲ အရောင်းအဝယ် လုပ်ကြဖို့ ကြေညာလိုက်ပါတယ်။

” ရွှေတစ်ကျပ်သား ကျပ်သိန်းငါးဆယ်ကျော်ဆိုတာ လေပတ်ကားဈေးနှုန်းတွေပါ။ အပြင်မှာ တကယ်ပေါက်တဲ့ ဈေးတွေမဟုတ်ဘူး။ ဒီနေ့အတွက် ထုတ်ပြန်ထားတဲ့ ဈေးနှုန်းကသာ တကယ်ပေါက်ဈေးပါ။ အဲ့ဒီဈေးအတိုင်း ရောင်းဖို့လည်း ရွှေဆိုင်တွေနဲ့ ကုန်သည်တွေကို ညွှန်ကြားထားတယ်။” လို့ YGEA အသင်း တာဝန်ရှိသူတဦးက ယနေ့ခေတ်သတင်းမီဒီယာကို ပြောဆိုထားပါတယ်။

YGEA အသင်းက ရွှေဈေးကို ကျပ် ၄၈ သိန်း ၇ သောင်းကျော်အဖြစ် စတင် သတ်မှတ်လိုက်တဲ့ ဒီနေ့မှာပဲ ပြင်ပ ရွှေဈေးက ကျပ် ၅၂ သိန်းအထက်မှာ ဆက်ရှိနေပါတယ်။

ဒါပေမဲ့ YGEA ရဲ့ ကြေညာချက်မှာ ရန်ကုန်ရွှေဈေးက ကျပ် ၄၈၇၁,၀၀၀ ၊ မန္တလေးရွှေဈေးက ကျပ် ၄၈၆၁,၀၀၀ အဖြစ် သတ်မှတ်ထားကြောင်းနဲ့ အဲဒီဈေးတွေထက် ကျော်လွန် ရောင်းဝယ်နေတဲ့ ရွှေဆိုင်တွေ၊ ရွှေသမားတွေ ရှိရင် အရေးယူဖို့ လာသတင်းပေးနိုင်တယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီနေ့ ဇွန်လ ၄ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၉၀၀ ဈေးသာပေါက်တဲ့အတွက် အဲဒီထက် ကျော်လွန် ရောင်းဝယ်နေတာတွေ ရှိရင် အရေးယူနိုင်ဖို့ လာသတင်းပေးနိုင်တယ်လို့လည်း YGEA အသင်းက အသိပေး ထုတ်ပြန်ထားပါတယ်

အခုလို ရန်ကုန်ရွှေအသင်း YGEA ကိုယ်တိုင်က ရွှေဈေးကို ဆွဲတင် သတ်မှတ်ပေးလာတဲ့အတွက် မနက်ပိုင်းက ကျပ် ၅၂ သိန်းအထက် ဖြစ်နေတဲ့ ပြင်ပရွှေဈေးဟာ ညနေပိုင်းမှာ YGEA သတ်မှတ်ဈေးအတိုင်း ဖြစ်လာတယ် လို့ ကြားပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ အရောင်းအဝယ် မရှိသလောက် ရှားပါတယ်။

ပြီးခဲ့တဲ့မေလကုန်ပိုင်းက ရွှေဈေးဟာ ကျပ် ၅၈ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး အဲဒီရက်ပိုင်းတုန်းက ဒေါ်လာဈေးကလည်း ကျပ် ၄၈၀၀ – ၄၉၀၀ ဝန်းကျင်အထိ တက်ခဲ့တယ်လို့ သိရပါတယ်။ Ref: YGEA