ၾကားသိရသမွ်

ဘယ်သူ့ဆီကမှ အလှူမခံလိုတဲ့ နှလုံးလှလူမိုက်ကြီး

သူ ကျန်းမာရေးလေး ပြန်ကောင်းလာတော့ ညဘက်ဆို သီချင်းလေးတွေ ဆိုပြတယ်။

အတူရှိနေတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို ရှေးဟောင်းနှောင်းဖြစ်ဖြစ်ရပ်မှန် ဟာသလေးတွေ ပြန်ပြန်ပြောပြတယ်။ ခန့်ညားလှတဲ့ ဇာတ်စင်မြင့်ကြီးတစ်ခုပေါ်က နှင်းဆီတစ်ပွင့်ရဲ့ဟန်ပန်အမူအရာ အပြည့်နဲ့ပေါ့။

အားလုံးကို ပွဲကျစေခဲ့တာကတော့ဦးသုမောင်ရှိခဲ့စဉ်က အလွဲတချို့နဲ့ဦးကျော်သူကြီးရဲ့လူငယ်သဘာ၀ပုံရိပ်တချို့ပါပဲ။ခဏတာ အပျော်တွေကူးစက်ပြီးအားလုံးပြုံးပျော်နေကြပြီဆိုရင်ဖြင့်ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူ့ပုံရိပ်‌တွေကို ပြန်မြင်ယောင်တိုင်းကျွန်တော် သူ့အကြောင်း ပြန်ပြန်တွေးမိတယ်။

သွားသေးသေးလေးတွေအပြည့်နဲ့နှလုံးသားလှသူကြီး၊ စိတ်ညစ်နေသူတချို့ကို သွားသေးသေးလေးတွေအများကြီးပေါ်အောင် ပြုံးဖြီးဖြီးလုပ်ပြပြီး စိတ်သက်သာစေသူကြီး။

သူဟာ စိတ်အေးလက်အေး ရှိလှတဲ့သူ။ပုံမှန် ဘုရား၀တ်ပြုပြီး တရားထိုင်လေ့ရှိတဲ့သူ။ ဖြစ်နိုင်ရင် သူ့အတွက် ဘယ်သူ့ကိုမှ အလုပ်မရှုပ်စေချင်တဲ့သူ။သူ အပြင်ခဏတဖြုတ်သွားပြီး ပြန်လာလို့ ကျွန်တော် သူ့အ၀တ်လေးတွေလျှော်ထားမိရင် ပြောမဆုံးတော့ဘူး။

“ဆရာကောင်းရယ်…ဘာလို့ အ၀တ်တွေလျှော်ရတာလဲ၊ ကျွန်တော် ကိုယ့်ဘာသာလျှော်နိုင်နေပါပြီ”လို့ ပြောတတ်တဲ့သူ။လူတိုင်းကို တလေးတစား ဆက်ဆံပြီးအချိန်ပေးကာ စကားပြန်ပြောတတ်တဲ့သူ။

လူတိုင်းကို သူ့ကြောင့် စိတ်ဆင်းရဲရတာထက် စိတ်ချမ်းသာတာပဲ ပိုဖြစ်စေချင်တဲ့သူ။နှလုံးသားကနုနု စိတ်ဓာတ်ကမာမာ။လေပြင်းရိုင်းတချို့ကြောင့် လူငယ်လေးတွေ ပန်း‌‌တွေပမာ အကြွေစောရတိုင်း တဖွဖွညည်းတွားပြီး မစားနိုင်၊မအိပ်နိုင် ဖြစ်နေတတ်တဲ့သူ။

သူ့လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေဆုံးပါးသွားတိုင်း ငိုကြွေး ကြေကွဲပြီးငြိမ်နေတတ်တဲ့သူ။သူ စိတ်တိုတဲ့အချိန်တချို့ဆို ကြမ်းပြင်ကို လက်သီးနဲ့ထိုးထိုးပြီး အားမလိုအားမရ ဖြစ်နေတတ်ပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘာတစ်ခုမှထိခိုက်အောင် မလုပ်တတ်တဲ့သူ။

တစ်နေ့ ဈေး၀ယ်ရင်းက ပိုက်ဆံမလောက်တော့ ကျွန်တော့်ဆီက ပိုက်ဆံချေးရှာတာ။ ကျွန်တော့်မှာလည်း မရှိတော့ အသိတစ်ယောက်ဆီက ချေးပေးလိုက်ရတယ်‌။အဲဒီတုန်းက သူ့ကားလေးကို ရရာဈေးနဲ့ရောင်းပြီးခါစအချိန်၊ သူ့ဆီကို ငွေလွှဲမပို့ခင် အသုံးစရိတ် ပြတ်နေတဲ့အချိန်ပေါ့။

သူ့စရိတ်သူစား ရှိသမျှကို ပုံအောပြီး တော်လှန်ရေး လုပ်နေသူဟာ သူပါပဲ။ဘယ်သူ့ဆီကမှ အလှူမခံတဲ့နှလုံးလှလူမိုက်ကြီး။ သူ့ကို လှူချင်လို့ ဆက်သွယ်သူတွေကို “မလိုသေးလို့ပါ”လို့သာ အမြဲ ပြန်ပြန်ပြောတတ်တဲ့သူ။

စိတ်ဓာတ်ရော၊ လုပ်ရပ်ရော၊အမြဲလေးစားရတဲ့ နှလုံးလှလူမိုက်ကြီး။သူ့လို အောင်မြင်နေပေမဲ့၊ကျော်ကြားနေပေမဲ့ ကိုယ်ကျိုးကွက်ကွက်လေး၊ ပတ်၀န်းကျင်သေးသေးလေးကိုပဲ ကြည့်ပြီး မဆိုင်သလိုလို၊ကြောက်သလိုလို နေသူတွေမှ အများကြီး။တချို့တွေဆို ပြည်သူ့ထမင်းကို စား၊

ပြည်သူ့အားပေးမှုကြောင့် ကြော်ငြာခလေးရ၊ ပြောင်ပြောင်ရောင်ရောင်ဖြစ်လာတဲ့တိုင် ပြည်သူကို ကျေးဇူးကန်းစကား ပြောတတ်သေးတာ။တိုင်းပြည်ရဲ့ အဆီအနှစ်တွေကိုလည်းစစ်တပ်ပိုင်လို့ ကျပ်မပြည့်အတွေးတွေးပြီး စစ်တပ်ခေါင်းဆောင်ကို ကျေးဇူးရှင်ကြီးပမာ တလွဲဆံပင်ကောင်းနေသူတွေလည်း အများကြီးမှအများကြီး။

အပင်စိုက်ချိန်မှာ ဆင်းရဲသားတွေကိုသာစိုက်စေပြီး အသီးသီးလာမှ အရောင်းအ၀ယ်ထလုပ်တတ်၊ အမြတ်ကြီးစားတတ်တဲ့ လူကုံထံတွေလည်း အများကြီးမှ အများကြီး။
နှလုံးလှလူမိုက်ကြီးနဲ့များ ကွာပါ့။

အခြေအနေမပျက်၊ အစားမပျက်၊အအိပ်မပျက်၊ ကျန်းမားရေးမထိခိုက်ဘဲနေနိုင်ရက်သားနဲ့ သူမှ မိုက်ရက်တယ်လို့။သူ့ကို လှူချင်သူတိုင်းကိုလည်း PDFရဲဘော်လေးတွေအတွက် စား၀တ်‌နေရေး ၊ ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေကိုသာ လှူဒါန်းပေးဖို့ ဆော်သြသတဲ့။

မလွှဲသာလွန်းမှ သူတစ်ပါး အကူအညီကိုယူတတ်တဲ့ လူမိုက်ကြီး။အခုတော့ သူ့ဆန္ဒတွေ ဖြစ်မြောက်ဖို့AAC ကိုရဲမင်းက အဝေးကနေ လှမ်းလှမ်းမေးပြီး အမာခံထောက်ပံ့ပေးနေတယ်လို့ သိရတယ်။

ထိုင်းရောက်မြန်မာလုပ်သားတွေကိုလည်း အဲဒီနှလုံးလှလူမိုက်ကြီး ကိုကျော်ကိုယ်စား ကျေးဇူးတင်ကြောင်းကျွန်တော် ပြောခဲ့ချင်ပါတယ်။”သံသရာတကွေ့ ဆုံကာတွေ့ကြ၊တူရာသန်ရာ ပေါင်းကြကြုံကြ၊ကောင်းရာဘုံဘ၀ဆိုတာမိုးပေါ်မှာလား၊သေလွန်ပြီးမှလား၊ကျွန်တော်ကတော့မိတ်ကောင်းဆွေကောင်းတွေနဲ့လုပ်ရပ်ကောင်းတွေ ကြိုးစားနေရတဲ့ဘ၀လို့ ထင်တယ်”

ကောင်းစံသာ (ရေကြည်) 5.9.2021