ၾကားသိရသမွ်

ပြန်လည်ဆုံဆည်းကြပြီးနောက် သူ့အား ငြင်းပယ်ခဲ့တဲ့ မိဘအရင်းတို့ကို တရားစွဲရန် စီစဉ်နေသည့် မွေးပြီးပြီးချင်း ငွေဖြင့်လဲလှယ်ခံခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေး

တရုတ်နိုင်ငံမှ မွေးစားရန် မိဘများထံမှ ငွေသားနှင့်အလဲအလှယ်လုပ်ခံခဲ့ရသည့် ဆယ်ကျော်သက်တစ်ဦးဟာ ၎င်း၏ မိဘအရင်းများအား တရားရုံးသို့ ခေါ်ဆောင်ရန် စီစဉ်နေပါတယ်။ အဆိုပါ အသက် ၁၇ နှစ်အရွယ် Liu Xuezhou အမည်ရှိဆယ်ကျော်သက်ဟာ နှစ်ဦးစလုံးက သူ့ကိုငြင်းပယ်ကာ ငွေကြေးအကူအညီပေးရန်လည်း ငြင်းဆိုခံခဲ့ရပြီးနောက်မှာ ၎င်း၏မိခင်နှင့် ဖခင်အရင်းတို့အား တရားစွဲမည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။ “ ကျွန်တော်က ခင်ဗျားတို့ရဲ့ကလေးမို့လို့ လွှတ်ထားဖို့ စိတ်ကူးထားခဲ့တယ်။ ဒါပေမယ့် ခင်ဗျားတို့က ‘အဖြူရောင်ကို အနက်ရောင် စွန်းစေပြီး ကျွန်တော့်ကို ငွေနဲ့လဲခဲ့တာနဲ့ပတ်သက်ပြီး လုံးဝစိတ်မကောင်းမဖြစ်နေခဲ့ကြဘူး။ ဒီတော့ တရားရုံးမှာ တွေ့ကြမယ်” ဟု Liu က မီဒီယာတစ်ခုမှာ ၎င်းရဲ့မိဘအရင်းအား ပြောကြားခဲ့ပါတယ်။

.

ပြီးခဲ့သည့်လမှာ ဒေသအာဏာပိုင်များက Liu နှင့် သူ၏ဖခင်အတွက် ပြန်လည်ဆုံဆည်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်အပတ်မှာတော့ ဆယ်ကျော်သက်ဟာ ၎င်း၏မိခင်နှင့် ပြန်လည်တွေ့ဆုံရန်အတွက် မွန်ဂိုလီးယားအလယ်ပိုင်းသို့ သွားရောက်ခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းမိဘနှစ်ပါးစလုံးက သူ့ကို ဖယ်ရှောင်ထားခဲ့ကြပါတယ်။ ဖခင်အရင်းဖြစ်သူ Ding Shuangquan ဟာ Liu ကို မွေးပြီးပြီးချင်း ငွေဖြင့် လဲလှယ်ရောင်းချခဲ့ပြီး Ding နှင့် သူ၏ဇနီးဟောင်းတို့ဟာ ဇနီးဖြစ်သူ၏မိသားစုအတွက် သတို့သမီးတင်တော်းငွေပေးရန်အတွက် ၎င်းတို့ရရှိခဲ့တဲ့ငွေများကို အသုံးပြုခဲ့ကြတာပါ။

.

Liu က သူ့မိဘနှစ်ပါးစလုံးက နောက်အိမ်ထောင်ပြုပြီး ယခု သူတို့ကိုယ်ပိုင်မိသားစုရှိထားတဲ့အတွက်ကြောင့် ၎င်းတို့နှစ်ဦးစလုံးက သူ့နှင့်အတူမနေချင်ကြကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ Liu ဟာ ဆယ်ကျော်သက်အရွယ်မှာ ယခင်က အိုးမဲ့အိမ်မဲ့ဖြစ်မှုများနှင့် ရုန်းကန်ခဲ့ရပေမဲ့လည်း သူ့မိဘအရင်းက သူ့အား နေစရာနေရာလေးတောင် မကမ်းလှမ်းခဲ့ကြပါဘူး။ ထို့ပြင် ၎င်းတို့က “ ၎င်းတို့ မတတ်နိုင်တဲ့အရာကို ဝယ်ရန် အတင်းအကြပ်ခိုင်းစေတယ် ” ဟုဆိုခြင်းဖြင့် Liu ရဲ့တောင်းဆိုချက်များကို တုံ့ပြန်ခဲ့ကြပါတယ်။

.

” အကယ်လို့ သူက ရှင့်ရဲ့ကလေးဖြစ်ပြီး ရှင့်ရဲ့စကားတွေကိုတောင် မှတ်တမ်းတင်ထားလောက်အောင် ခုခံကာကွယ်နေတယ်ဆိုရင် ရှင် သူနဲ့ဝေးဝေးမှာနေမှာလား။ သူ့အဖေက နောက်အိမ်ထောင်ပြုလိုက်သလို ကျွန်မလည်း နောက်အိမ်ထောင်ပြုလိုက်ပြီ။ သူက ကျွန်မတို့ကို အိမ်ဝယ်ခိုင်းဖို့ လုပ်ပေမဲ့ အဲဒီလောက်ကြီးအတွက် ကျွန်မတို့က အဆင်မပြေနေဘူး ” ဟု မျိုးရိုးအမည် Zhang ဟုဖော်ထုတ်ထားသည့် Liu ရဲ့မိခင်အရင်းက မီဒီယာတစ်ခုသို့ ပြောကြားခဲ့ပါတယ်။

.

တစ်ချိန်တည်းမှာပင်၊ Ding က Liu အား ဆယ်ကျော်သက်အရွယ်မှ ကောလိပ်ဘွဲ့ရသည်အထိ သူ့နဲ့အတူနေရန် တောင်းဆိုခဲ့ပြီး သူနဲ့သူ့ဇနီးဟောင်းတို့က Liu ဘွဲ့ရပြီးရင် နေရာတစ်ခုဝယ်ဖို့ ပြန်စဉ်းစားမယ်လို့ မီဒီယာတစ်ခုသို့ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ တစ်ဖန် Liu က သူ့မိဘအရင်းများ၏ ပြောကြားချက်အားလုံးက အလိမ်အညာသာဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပြန်ပါတယ်။ ထို့ပြင် လက်ရှိ Hebei ပြည်နယ် Shijiazhuang မြို့မှာ နေထိုင်တဲ့ ဒုတိယနှစ် ကောလိပ်ကျောင်းသား Liu က သူ့မိဘတွေကို ” ကျွန်တော့် အိမ်ယာမဲ့ ဖြစ်နေလို့ အိမ်ငှါးပေးတာ ဖြစ်ဖြစ်၊ အိမ်ဝယ်ပေးတာဖြစ်ဖြစ် တစ်ခုခုလုပ်ပေးစေချင်ရုံပါဘဲ”ဟုလည်း ပြောကြားခဲ့ပါသေးတယ်။

Mia (KB Chimmy one)

Reference : nextshark