News

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀၀၀ ဈေးတန်းကို မထိန်းနိုင်သော်လည်း ….

ဒီအပတ် ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၀၀၀ မှာ ရေရှည် မထိန်းနိုင်ပေမဲ့ သီတင်းပတ်အလိုက် ကြည့်ရင်တော့ နှစ်ပတ်မြောက် ဈေးတက်ဖို့ ဦးတည်နေပါတယ်။

ကမ္ဘာ့ရွှေဈေးက လက်ရှိမှာ ၁၉၉၄ ဒေါ်လာကျော် ရှိနေပြီး ဒီသီတင်းပတ်ထဲမှာ ဝ.၇ % မြင့်တက်လာပါတယ်။

အမေရိကန်ရွှေကြိုပွိုင့်ကလည်း ၁၉၉၄.၈၀ ဒေါ်လာမှာ အတက်အကျ သိပ်မရှိဘဲ ငြိမ်နေပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန်ဗဟိုဘဏ် ဘာဆက်လုပ်မလဲ ဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပြီး ရွှေဈေးကလည်း ဖြစ်ပေါ်လာမယ့်အခြေအနေအလိုက် အတက်အကျ လှုပ်ရှားဖို့ အသင့် ဖြစ်နေပုံ ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တလောတုန်းက ဒေါ်လာ ၂၀၀၀ ဈေးတန်းမှာ အလှုပ်အခတ် ဖြစ်ခဲ့ပေမဲ့ အခုတော့ ၂၀၀၀ ဈေးတန်းအောက် ပြန်ကျလာတဲ့အတွက် စောင့်ကြည့်အနေအထားနဲ့ ဖြစ်နေပါတယ်။

ပြည်တွင်းရွှေဈေးကတော့ ဒီအပတ်အစောပိုင်းမှာ ကျပ် ၃၆ သိန်းအောက်ထိ ကျသွားခဲ့ပြီး နောက်ရက်တွေမှာ ကျပ် ၃၆ သိန်းအထက် ပြန်ရောက်လာပါတယ်။

ဒီနေ့မှာလည်း ကျပ် ၃၆၂၀,၀၀၀ – ၃၆၃၀,၀၀၀ ဝန်းကျင်မှာ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။စာရေးသူ- ငွေကြယ် (သတင်းကို ပြန်ကူးတင်ခွင့် မပြုပါ)