ဇန်နဝါရီ ၃၁ မှာ ပြည်တွင်းရွှေဈေးဟာ တစ်ရက်တည်းမှာတင် အတက်အကျ ဗြောင်းဆန်ခဲ့ပြီး ဈေးအဖွင့်မှာ
ကျပ် ၃၉ သိန်းအပေါ် ရောက်ခဲ့ပြီးမှ နောက်ပိုင်းမှာ ၃၈ သိန်း ၆ သောင်းနားကို ပြန်လည် ကျဆင်းခဲ့ပါတယ်။
မနေ့က တစ်ရက်တာအတွင်းမှာ ဈေးအတက်အကျ ကြမ်းခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ ကျပ် ၃၆၄၅,၀၀၀ အထိ ကျခဲ့ပေမဲ့ ကျပ် ၃၈၆၅,၀၀၀ နဲ့ ဈေးပိတ်ခဲ့တာကြောင့် အမြင့်ဆုံး ကျပ် ၃၉ သိန်းဈေးတန်းနဲ့ များများစားစား မကွာတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
“ကမ္ဘာ့ဈေးလည်း နည်းနည်း တက်တာကိုး။ အဲ့တော့ ဈေးကွက် လန့်နေတဲ့ အနေအထားပါ။
ထပ်တက်နိုင်လား၊ ပြန်ကျမလားဆိုတာက အခုလက်ရှိ အနေအထားကတော့ တော်တော်ကို ခန့်မှန်းရခက်ပါတယ်။ ရောင်းရင်၊ ဝယ်ရင်လည်း တော်တော်ကို သတိထားဖို့ လိုပါတယ်” လို့ ရွှေလုပ်ငန်းရှင်တယောက်က VOM သတင်းမှာ ပြောဆိုထားပါတယ်။
အခုတလော ကမ္ဘာ့ရွှေဈေးဟာ ဒီနှစ်ထဲ အတိုးနှုန်းတွေ ပြန်လျှော့ဖို့ အလားအလာ ရှိနေတယ်ဆိုတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့သတင်းကြောင့် လေးရက်ဆက်တိုက် မြင့်နေပြီး ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ တစ်အောင်စကို ၂၀၄၂ ဒေါ်လာခန့် ရှိနေပါတယ်။
ပြည်တွင်းရွှေဈေးကတော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ တရိပ်ရိပ် မြင့်တက်လာရာမှာ မနေ့က ဇန်နဝါရီ ၃၁ ဈေးအဖွင့်မှာ ၃၉ သိန်းအပေါ်ထိ ရောက်ရှိလာခဲ့ပါတယ်။
“ဒေါ်လာဈေးကလည်း လက်ရှိမှာ ၃၅၀၀ ကျော်ပေါ့၊ ၃၆၀၀ ပြည့်ဖို့ ဒေါ်လာ ၄၀ လောက်ပဲ လိုတော့တဲ့ အနေအထားပေါ့။ အဲ့ဒါကြောင့် ရွှေဈေးမာနေတာပါ။ ထပ်တက်မလား၊ ပြန်ကျမလားဆိုတာတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးပေါ်ပဲ မူတည်နေတယ်” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
လက်ရှိမှာ ရွှေဈေးနှုန်း အတက်အကျမငြိမ် ဖြစ်နေတာတွေကြောင့် ရွှေဈေးကွက်အတွင်း အရောင်းသာရှိပြီး အဝယ်ဈေးကွက် အေးနေတယ်လို့ သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ပေါက်ဈေးကတော့ တစ်ကျပ်သားကို ၃၈၆၀,၀၀၀ – ၃၈၇၀,၀၀၀ ဝန်းကျင် ရှိနေပါတယ်။