ရွှေဈေး တည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးအတိုင်း ရောင်းချဖို့နဲ့ နေ့စဉ် ဖွင့်လှစ်ပြီး ရောင်းဝယ်ကြဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ဒီနေ့ ထုတ်ပြန်ပါတယ်။
YGEA က နေ့စဉ် သတ်မှတ်ဈေးတွေကို သုံးကြိမ် ထုတ်ပြန်ပေးနေပြီး ရွှေဆိုင်တွေကလည်း အဲဒီဈေးနဲ့သာ ဆိုင်ဖွင့်လှစ် ရောင်းဝယ်ကြဖို့ ရွှေအသင်းက ပြောပါတယ်။ သက်ဆိုင်ရာဌာနများက ကြပ်မတ်နေတဲ့အတွက် လာရောက်စစ်ဆေးတဲ့အခါ ညွှန်ကြားချက်တွေကို မလိုက်နာရင် အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ YGEA က ထုတ်ပြန်တဲ့ သတ်မှတ်ရွှေဈေးက ကျပ် ၄၈၁၅,၀၀၀ ဖြစ်ပြီး ပြင်ပမှောင်ခိုဈေးကွက်မှာတော့ ကျပ် ၅၃ သိန်းဝန်းကျင် ရှိနေတာကြောင့် ပြင်ပဈေးနဲ့ သတ်မှတ်ဈေးကြား ကွာဟနေတယ်လို့ သိရပါတယ်။
YGEA က တာဝန်ရှိသူတစ်ဦးကတော့
” ဖြစ်သင့်တဲ့ဈေးနှုန်းကို သတ်မှတ်ပေးထားတာ ဖြစ်လို့ အဲ့ဒီဈေးနဲ့ အရောင်းအဝယ် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ သက်ဆိုင်ရာက စစ်ဆေးတဲ့အခါ ညွှန်ကြားချက်တွေ မလိုက်နာရင် အရေးယူမယ်လို့လည်း အသိပေးထားပါတယ်။” လို့ ယနေ့ခေတ်သတင်းမှာ ပြောဆိုထားပါတယ်
ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ကျပ် ၅၈ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တဲ့နောက် သက်ဆိုင်ရာက ရွှေဈေးကစားတဲ့ ရွှေဆိုင်တွေ၊ ရွှေသမားတွေကို ဖမ်းဆီး စစ်ဆေးတာ၊ ထွက်ပြေးသူတွေကို ဝရမ်း ထုတ်တာတွေ လုပ်ခဲ့ပါတယ်။
တပြိုင်တည်းမှာ ဒေါ်လာဈေးကစားသူတွေ၊ ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်နေသူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးတာတွေ လုပ်ခဲ့တာကြောင့် ပြင်ပဈေးကွက်မှာ ရွှေရော ဒေါ်လာပါ အရောင်းအဝယ်တွေ မရှိသလောက် ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။